အိပ်မက်ဆိုးတွေ ဘာကြောင့် ခဏခဏ မက်နေတာလဲ
ခန့်မှန်းခြေအားဖြင့်ကတော့ အရွယ်ရောက်ပြီးသူ ၂% ကနေ ၈% လောက်အထိက အိပ်မက်ဆိုးတွေကို မက်ဖူးကြပါတယ်။ ဒီလို အိပ်မက်ဆိုးတွေ မက်တာက စိတ်ကျန်းမာရေးနဲ့ ဆက်စပ်နေလေ့ရှိပါတယ်။
အိပ်မက်ဆိုးဆိုတာ စိုးရိမ်ကြောင့်ကြမှု၊ ကြောက်ရွံ့မှု စတဲ့ မကောင်းတဲ့စိတ်ခံစားချက်တွေနဲ့ ဆက်စပ်ဖြစ်ပေါ်တဲ့၊ သင့်ကို အိပ်ပျော်နေရာက လန့်နိုးစေနိုင်လောက်တဲ့အထိ အနှောင့်အယှက်ပေးတဲ့ အိပ်မက်မျိုးကို ဆိုလိုပါတယ်။
တစ်ခါတလေမှာ အိပ်မက်ဆိုးတွေမက်ဖြစ်နေရတဲ့ အကြောင်းအရင်းက မိမိကိုယ်တိုင်ရဲ့ အတွင်းစိတ်ထဲမှာ စိုးရိမ်ပူပန်မှုများနေတာ၊ စိတ်ဖိစီးမှုကို ပြင်းပြင်းထန်ထန် ခံစားထားရတာ၊ စိတ်ဓာတ်ကျနေတာတွေကြောင့် ဖြစ်နိုင်ပါတယ်။
တကယ်လို့ သင်ဟာ မကြာခဏဆိုသလို အိပ်မက်ဆိုးတွေမက်မယ်၊ ကောင်းကောင်း အိပ်မပျော်နိုင်ဘဲဖြစ်မယ်၊ နောက်ဆက်တွဲအနေနဲ့ နေ့ဘက် အလုပ်လုပ်ရာမှာ အနှောင့်အယှက်ဖြစ်လာမယ် ဒါမှမဟုတ် အိပ်ရမှာတောင် ထိတ်လန့်လာမိတယ် ဆိုရင်တော့ ဒါကို အိပ်မက်ဆိုးဝေဒနာ (Nightmare Disorder) လို့ ခေါ်ပါတယ်။
အိပ်မက်ဆိုး မက်စေတဲ့ အကြောင်းအရင်းတွေ
အိပ်မက်ဆိုး မကြာခဏ မက်တတ်သူတွေဟာ အသက်အရွယ်ရလာတဲ့အခါ မှတ်ဉာဏ်ပိုင်းဆိုင် ကျန်းမာရေးပြဿနာတွေကိုပါ ဆက်လက်ခံစားရနိုင်ပါတယ်တဲ့။ အိပ်မက်ဆိုးတွေ မက်စေရတဲ့ အကြောင်းအရင်းတွေကတော့ အများကြီးရှိနေနိုင်ပေမယ့် ဖြစ်နိုင်ခြေ အများဆုံး အကြောင်းအရင်းတွေဆိုရင်တော့ အောက်ပါအတိုင်းပါပဲ။
- စိတ်ဖိစီးမှုတွေ၊ စိုးရိမ်ပူပန်စိတ်တွေ အရမ်းများနေတာ - အလုပ်ကြောင့်၊ လူမှုဆက်ဆံရေး စတဲ့အကြောင်းကိစ္စတွေကြောင့် စိတ်ဖိစီးမှုတွေ အရမ်းများနေချိန်တွေမှာ မိမိစိုးရိမ်တဲ့ အရာတွေကို အိပ်မက်ဆိုးအဖြစ် မက်တတ်ပါတယ်။ အချိန်ကြာမြင့်စွာ ခံစားနေရတဲ့ စိတ်ဖိစီးမှုတွေကြောင့်လည်း မက်တတ်ပါတယ်။
- Post-traumatic Stress Disorder (PTSD) - ဒီအခြေအနေကြောင့်လည်း အိပ်မက်ဆိုးမက်စေနိုင်ပါတယ်။
- Bipolar Disorder - စိတ်အတက်အကျမြန်တဲ့ ကျန်းမာရေးပြဿနာကြောင့်လည်း အိပ်မက်ဆိုးတွေ မက်နိုင်ပါတယ်။
- Schizophrenia – စိတ်ကစဉ့်ကလျားဝေဒနာ ခံစားနေရရင်လည်း ညည အိပ်မက်ဆိုးတွေ မက်နိုင်ပါတယ်။
- ဆေးဝါးတွေကြောင့် - အချို့သော ကျန်းမာရေးအခြေအနေ တစ်ရပ်ရပ်ကြောင့် သောက်သုံးနေရတဲ့ ဆေးတွေကလည်း အိပ်မက်ဆိုးတွေကို မက်စေဖို့ တွန်းအားပေးပါတယ်။
- ကလေးဘဝ စိတ်ဒဏ်ရာ - ကလေးအရွယ်မှာ ပြင်းထန်တဲ့ အခြေအနေတစ်ရပ်ရပ်ကို ကြုံတွေ့ ခံစားရဖူးမယ်ဆိုရင်လည်း အိပ်မက်ဆိုးတွေ မက်နိုင်ခြေ များပါတယ်။
- ဆေးတစ်ခုခုကို ဖြတ်လိုက်တာ - အမြဲစွဲသောက်နေကျ ဆေးတစ်ခုခုကို ဆက်မသောက်တော့တဲ့ အခါမျိုးမှာလည်း အိပ်မက်ဆိုးမက်တာမျိုး ကြုံရနိုင်ပါတယ်။
- အိပ်ရေးပျက်တာ - အိပ်ရေးပျက်ပါ များလာတာ၊ နှစ်ခြိုက်စွာ အိပ်မပျော်တာတွေကလည်း အိပ်မက်ဆိုး မက်စေဖို့ တွန်းအားပေးဖြစ်စေပါတယ်။
- မျိုးရိုးရှိတာ - မျိုးရိုးထဲမှာ မကြာခဏ အိပ်မက်ဆိုး မက်တတ်တဲ့သူ ရှိတာကြောင့်လည်း အိပ်မက်ဆိုးတွေ မက်နိုင်ပါတယ်။
အိပ်မက်ဆိုးတွေ မက်နေတာဟာ အတိတ်နမိတ်တွေ ပြနေတာ၊ တစ်စုံတစ်ရာကို သတိပေးချင်နေတာလို့ မှတ်ယူမယ်ဆိုရင် ဒီအိပ်မက်ဆိုးတွေက ပြချင်တဲ့ နိမိတ်စကားက သင်တို့အနေနဲ့ စိတ်အေးချမ်းတည်ငြိမ်မှု အားနည်းနေတယ်၊ ကျန်းမာရေးပြဿနာတွေရှိနေတယ်ဆိုတာမျိုးပဲ ဖြစ်ပါလိမ့်မယ်။
အိပ်မက်ဆိုးတွေ မက်တာဟာ လူတစ်ယောက်ရဲ့ အိပ်စက်မှုအရည်အသွေးကို ကြီးမားစွာထိခိုက်စေပြီး ရေရှည်မှာ စိတ်ကျန်းမာရေးကို ထိခိုက်လာစေနိုင်တာမို့ မကြာခဏကြုံတွေ့လာရတယ်ဆိုရင် ကျွမ်းကျင်သူနဲ့ တိုင်ပင် ဆွေးနွေးဖို့ တိုက်တွန်းပါရစေ။
ရဲဇွန်အောင်